International News

International News

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေဆဲဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေဆဲဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

 

BIMSTEC ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား တက် ရောက်ခွင့် ပြုခဲ့ပြီး စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပိုမိုရှုပ်ထွေးစွာ ပတ်သက်ခဲ့ကြသည့် ထိုင်းနိုင်ငံအစိုးရ၊ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (BIMSTEC) နှင့် အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar က ကန့်ကွက်ရှုတ်ချလိုက်ကြောင်း အသိပေးထားသည်။

 

BIMSTEC အဖွဲ့ဝင်နိုင်ငံများသည်လည်း ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံများနှင့်အတူ စစ်အုပ်စု၏ အ ကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်နိုင်ရန် စစ်လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့် ရန်ပုံ ငွေ များ ဆက်လက်ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတကာရာဇ၀တ်မှုများတွင် ပါဝင် ပတ်သက်နေဆဲ ဖြစ်ကြောင်း သိရသည်။

 

“BIMSTEC ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် ရာဇဝတ်မှုကြီးတွေ ကျူးလွန်မှုများအတွက် တာဝန်ရှိနေတဲ့ စစ်ရာဇဝတ်ကောင်တစ်ဦးကို BIMSTEC နဲ့ ထိုင်းအစိုးရတို့က လက်ခံကြိုဆိုတာဟာ ဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဒီလိုကြိုဆိုမှုက မြန်မာ ပြည်သူတွေ လေးနှစ်ကျော်ကြာ ခုခံဆန့်ကျင်နေတဲ့ စစ်အုပ်စုကို တရားဝင်မှု ပေးအပ်လိုက်တာဖြစ် ပြီး၊ သူတို့ကို ပိုမိုရဲတင်းလာစေမှာ ဖြစ်ပါတယ်။” Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

 

မင်းအောင်လှိုင်၏ ဧပြီ ၄ ရက်နေ့ ထိပ်သီးအစည်းအဝေး တက်ရောက်သည့် ဘန်ကောက် ခရီးစဉ် သည် ၇.၇ မက္ကနီကျု အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင်း အကြီးအကျယ် ထိခိုက်ပျက်စီး ခဲ့ရပြီး ရက်သတ္တပတ် အကြာ၊ အပြိုအပျက်များအောက် ရုပ်အလောင်းများစွာ ကျန်ရှိနေဆဲအချိန်တွင် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးကြီးအား စစ်အုပ်စုတုန့်ပြန်ပုံသည် လူသားစာနာမှုအကူအညီ များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ပိတ်ပင်တားမြစ်ခြင်းများ ပါဝင်ခဲ့ကြောင်း၊ ငလျင်ဘေး သက် ရောက်ခဲ့သည့် ဒေသများအပါအဝင် နေရာအများအပြားသို့လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

မင်းအောင်လှိုင်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ အပေါ် ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များ အပါအဝင် နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုများအတွက် တာဝန်ရှိသူဖြစ်ကြောင်း၊ ၎င်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ စုံစမ်းစစ်ဆေးမှုကို ခံနေရကြောင်း သိရသည်။

 

ICC ရှေ့နေများရုံးသည် ၎င်းအား ဖမ်းဝမ်းထုတ်ရန် တောင်းဆိုထားပြီး အာဂျင်တီးနားနိုင်ငံ တရားရုံး တစ်ခုကလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း၊ မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တရားမဝင် အာဏာ သိမ်းကြိုးပမ်းမှုမှတဆင့် နိုင်ငံကိုသိမ်းပိုက်ရန် ကြိုးပမ်းမှုများတွင် ငွေကြေးထောက်ပံ့ရန်အတွက် မြန် မာနိုင်ငံ၏ အရေးပါသော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ ဘဏ္ဍာငွေများကို တရားမဝင် ထိန်းချုပ် ထား ပြီး ၎င်းတို့ကို နိုင်ငံအများအပြားက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။

 

“စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာလည်း BIMSTEC ဟာ စစ်အုပ်စုကို နိုင်ငံရေးနဲ့ စစ် ရေး အကူအညီတွေ ပေးအပ်ခဲ့ပြီး၊ သူတို့ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေခဲ့တာပါ။

ထိုင်း၊ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေကလည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ ဘဏ္ဍာငွေတွေ ပေးအပ်နေခြင်းမျိုးနဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေဆဲဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုး ဖောက်နေခြင်းဖြစ်ပါတယ်။” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

 

BIMSTEC ထိပ်သီးအစည်းအဝေးကို ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်တွင် ကျင်းပနေခြင်း ဖြစ် ပြီး ၎င်းဟိုတယ်ကို Shangri-La Hotels and Resorts က ပိုင်ဆိုင်ထားကြောင်း၊ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့တွင်လည်း မြန်မာစစ်တပ်ထံမှ မြေငှားရမ်းကာ Sule Square အိမ်ခြံမြေဖွံ့ဖြိုးရေးစီမံကိန်း ကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

BIMSTEC ထိပ်သီးဆွေးနွေးပွဲတွင် မင်းအောင်လှိုင်အား ပါဝင်စေခြင်းသည် အဆိုပါဒေသတွင်း အဖွဲ့ ကြီး၏ ကြံရာပါပတ်သက်မှုပုံစံကို ပို၍ထင်သာမြင်သာ ရှိလာစေသည်ဟု ဆိုသည်။

 

BIMSTEC သည် ၂၀၂၂ ခုနှစ်တွင် အဖွဲ့၏ပဋိဉာဉ်စာတမ်းကို မင်းအောင်လှိုင်အား လက်မှတ်ရေး ထိုး ခွင့်ပြုခဲ့ပြီး ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအား ထိုနှစ်တွင်ပင် သီရိလင်္ကာတွင် ကျင်းပသည့် ထိပ်သီး ဆွေးနွေးပွဲသို့လည်း တက်ရောက်စေခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် လုံခြုံရေးအကြီးအကဲများ အစည်းအဝေးကို စစ်အုပ်စုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပစေခဲ့ကြောင်း သိရသည်။

 

BIMSTEC အမျိုးသားလုံခြုံရေးအကြီးအကဲများ အစည်းအဝေး သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်ခဲ့သော်လည်း မြန် မာနှင့် နိုင်ငံတကာဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော မြန်မာစစ်အုပ်စုက အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ ဒီမိုကရေစီခုခံတော်လှန်မှု များကို တိုက်ခိုက်ရန် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့ကြောင်း အသိ ပေးထားသည်။

 

ထို့အပြင် BIMSTEC သည် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်အား ရာဇဝတ်မှုဆိုင်ရာ အ ပြန်အလှန်ဥပဒေအကူအညီပေးရေး BIMSTEC သဘောတူညီချက်ကို လက်မှတ်ရေးထိုးခွင့် ပြုခဲ့ ကြောင်း၊ ယင်းသဘောတူညီချက်သည် လူပုဂ္ဂိုလ်များအား တည်နေရာရှာဖွေခြင်းနှင့် မည်သူမည်ဝါ သတ်မှတ်ခြင်း၊ သတင်းအချက်အလက်မျှဝေခြင်း၊ ရှာဖွေဖမ်းဆီးခြင်း၊ အဖမ်းခံထားရသူများအား သက်သေခံချက်ရရှိစေရေး သို့မဟုတ် စုံစမ်းစစ်ဆေးမှုများတွင် အကူအညီ ရရှိစေရေးတို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူစေသည်ဟု ဆိုသည်။

 

ဤလုပ်ရပ်များသည် စစ်အုပ်စုအား ထောက်လှမ်းရေး သတင်းအချက်အလက်များ၊ စစ်ဘက် ရဲဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် အလွန်အမင်း အထောက်အကူဖြစ်စေခဲ့ပြီး တစ်ပြိုင် တည်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို အပြစ်ပေး အရေးယူခံရခြင်း အလျဉ်းမရှိ ဆက်လက်ကျူးလွန်နေမှုများအပေါ် မှားယွင်းသော နိုင်ငံရေး တရားဝင်မှု ပေးအပ်ကာ ဖုံးကွယ်ပေးနေခြင်းလည်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် BIMSTEC သည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီနေခြင်း ဖြစ်ကြောင်း JFM က ပြော ကြားသည်။

 

BIMSTEC အဖွဲ့ဝင်နိုင်ငံများသည်လည်း မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေပြီး ထိုင်းနိုင်ငံသည် စစ်အုပ်စုအတွက် အရေးပါသော စစ်လက်နက်ရောင်းချထောက်ပံ့ သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုင်းအစိုးရသည် စစ်အုပ်စု၏ ရာဇဝတ်မှုကြီးများအတွက် ငွေကြေး ဖြည့်တင်း ပေးနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ ထိုင်းနိုင်ငံတွင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီများသည် ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချပေးပို့ခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ၏ အများပိုင်ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) သည် မြန်မာနိုင်ငံတွင်း အရေးပါသော ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းများကို ကြီးကြပ်လုပ်ကိုင်နေပြီး၊ ၎င်း၏ မိခင်ကုမ္ပဏီလည်းဖြစ် ရှယ်ယာအများစုကို နိုင်ငံကပိုင်ဆိုင်ထား သည့် PTT ထံ ဓါတ်ငွေ့များ ရောင်းချကာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများအတွက် ငွေ ကြေးရှာဖွေပေးနေကြောင်း သိရသည်။

 

PTTEP သည် ရတနာ၊ ဇောတိကနှင့် M3 သဘာဝဓါတ်ငွေ့စီမံကိန်းများတွင် အကြီးဆုံးရင်းနှီးမြှပ်နှံသူ နှင့် ကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး တွင်းသစ်တူးဖော်ရေးများကိုပင် ဆက်လက်လုပ်ဆောင်ကာ အကျိုး အမြတ်များ ရှာဖွေပေးနေဆဲဖြစ်ကြောင်း၊ ယင်းသည် ထိုင်းအစိုးရအား စစ်အုပ်စု၏ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အ ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် တိုက်ရိုက်ကြံရာပါ ပတ်သက်စေ ကြောင်း အသိပေးထားသည်။

 

ပေးချေရမည့် ငွေကြေးအားလုံးအား အကာအကွယ်ရယူထားသည့် ဘဏ်အကောင့်တစ်ခုတွင် ထိန်း သိမ်းထားပေးခြင်းဖြင့် စစ်အုပ်စုအား ဘဏ္ဍာငွေထောက်ပံ့ပေးအပ်နေခြင်းကို PTT အနေဖြင့် ရပ်တန့် ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တာဝန်ယူမှုရှိစွာ မြန်မာလုပ်ငန်းများမှ ထွက်ခွာရမည်ဖြစ်ကြောင်း JFM က ဆက်လက်ပြောဆိုသည်။

 

အိန္ဒိယသည် ရုရှား၊ တရုတ်တို့နှင့်အပြိုင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်း များအား အဓိကရောင်းချထောက်ပံ့နေသည့် နိုင်ငံတစ်ခု ဖြစ်ပြီး Justice For Myanmar က ရရှိသည့် မကြာသေးမီက ကုန်သွင်းကုန်ထုတ်မှတ်တမ်းများအရ အိန္ဒိယနိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီများမှ မြန်မာစစ်အုပ်စုထံ ရောင်း ချပေးပို့သည့်ပစ္စည်းများ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်ပို့ဆောင် နေကြောင်းကို အတည်ပြုထားသည်။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် Bharat Electronics Limited (BEL) သည် ရေကြောင်းထောက်လှမ်း ရေးတွင် အသုံးပြုသည့် အီလက်ထရိုအော့ပ်တစ်ကယ် စောင့််ကြည့်ထောက်လှမ်းရေးစနစ်နှစ်ခုကို မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားမှုဦးစီးဌာနထံ တင်ပို့ခဲ့ကြောင်း၊ ယင်းတင်ပို့မှုမတိုင်မီ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာစစ်တပ်ထံ ကုန်ပစ္စည်းတင်ပို့မှုများစွာ ရှိခဲ့ကြောင်း သိရသည်။

 

ရရှိနိုင်သည့် ကုန်ပစ္စည်းတင်ပို့မှု အချက်အလက်များအရ BEL သည် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ သို့ များပြားလှသော ကုန်ပစ္စည်းပမာဏကို တင်ပို့ခဲ့ကြောင်း သိရသည်။

 

ယင်းတင်ပို့မှုများတွင် အန်တီနာများ၊ တယ်လီစကုပ်တိုင်များ၊ ‌ကေဘယ်အစည်းများ၊ ဓာတ်အား ထောက်ပံ့ ရေးစနစ်များနှင့် အမျိုးမျိုးသော အီလက်ထရောနစ်နှင့် အီလက်ထရိုမက်ကန်းနစ် စနစ် များပါဝင်ကြောင်း၊ ကုန်ပစ္စည်းများကို Alliance Engineering၊ Light Head Group of Companies နှင့် Mega Hill General Trading တို့အပါအဝင် စစ်လက်နက်ပွဲစားကုမ္ပဏီများ ထံသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယအစိုးရသည်လည်း မြန်မာစစ်အုပ်စုတပ်သားများအား အိန္ဒိယနိုင်ငံတွင် လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သောနည်းနာများကို အားပေးကူညီလျက်ရှိကြောင်း သိရသည်။

 

မြန်မာစစ်အုပ်စု၏ ပြည်တွင်း လက်နက်ထုတ်လုပ်ရေးစက်ရုံများနှင့် ဆက်နွှယ်နေသည့် စစ်ဘက်ဆိုင် ရာဝန်ထမ်းများ သည် ၂၀၂၄ ခုနှစ်တွင် ပရာဒက်ရှ် မြို့ရှိ Indian Army Educational Corps Training College and Centre တွင်လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် ဟိုက်ဒရာဘတ်မြို့ရှိ Indian Military College of Electronics and Mechanical Engineering တွင်လည်းကောင်း လေ့ကျင့်ရေး သင်တန်းများ ရရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့သော Justice For Myanmar ၏ အစီရင်ခံစာသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း အိန္ဒိယလေတပ်နှင့် အိန္ဒိယနိုင်ငံပိုင် ပြည်သူ့ရေးရာကဏ္ဍကုမ္ပဏီများမှတဆင့် ပေးပို့‌နေမှု များအပါအဝင် စစ်အုပ်စုထံ စစ်လက်နက်များနှင့် ဆက်စပ်စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေး ပို့နေမှုများတွင် အိန္ဒိယ၏ တက်ကြွစွာ ပါဝင်ပတ်သက်နေကြောင်း သိရသည်။

 

အိန္ဒိယအစိုးရအနေဖြင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီနေခြင်းအား ရပ် တန့်ရန်၊ စစ်အုပ်စုအပေါ် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းရန်နှင့် မြန်မာစစ်တပ်အတွက် လေ့ကျင့်ရေးသင်တန်းအားလုံးကို ရပ်တန့်ရန် Justice For Myanmar က တောင်းဆိုထားသည်။

 

သီရိလင်္ကာနိုင်ငံသည်လည်း မြန်မာစစ်တပ်သို့ လက်နက်နှင့် ကိရိယာများ ထောက်ပံ့ပေးထားပြီး လက်နက်ရောင်းချရေးပိတ်ပင်မှုကို ချက်ချင်း ချမှတ်ရမည်ဖြစ်ကြောင်း JFM က ဆက်လက်တောင်း ဆိုထားသည်။

 

သီရိလင်္ကာနိုင်ငံသည် လေယာဉ်ပန်ကာနှင့် ဒလက်များ၊ အခြားလေယာဉ်အစိတ်အပိုင်းများနှင့် ရေနံ ဆီများကို Haleys Free Zone Ltd မှတဆင့် စစ်လက်နက်ပွဲစားကုမ္ပဏီ Light Head Group of Companies ထံ အနီးဆုံး ၂၀၂၄ ခုနှစ်တွင် တင်ပို့ ရောင်းချထားကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တွင် Haleys Free Zone ကုမ္ပဏီသည် လေကြောင်းအီလက်ထရောနစ်ပြသမှုစနစ်တစ်ခုကိုလည်း Light Head Group of Companies ထံ တင်ပို့ရောင်းချခဲ့ကြောင်း၊ ယင်းပစ္စည်းများကို မြန်မာလေ တပ် အသုံးပြုရန်အတွက် မြန်မာစစ်တပ်ကိုယ်စား တင်သွင်းခဲ့ကြောင်း သိရသည်။

 

“ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ အခြားအစိုးရတွေအနေနဲ့ စစ်အုပ်စုကို ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ စက် ပစ္စည်းကိရိယာ အားလုံးကို ချက်ချင်းဖြတ်တောက်ရပါမယ်။ ဒါတွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့နဲ့ လူနေရပ်ရွာတစ်ခုလုံး ဖျက်ဆီးဖို့တွေမှာ အားပေးကူညီနေတာ ဖြစ်ပါတယ်။

အစိုးရ တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ဦးစားပေးဖို့က အလွန်အရေးကြီးပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...